International News

နှစ်မျိုးသုံးကုန်စည်တင်ပို့မှုအား ထိန်းချုပ်ရန် အိန္ဒိယအစိုးရက တိုးမြှင့်ဆောင်ရွက်သွားမည်

Last Updated:

အိန္ဒိယအစိုးရသည် နှစ်မျိုးသုံးကုန်ပစ္စည်းများအား မသမာသူများနှင့် အကြမ်းဖက်သမားများလက်သို့ မကျရောက်စေရန်အတွက် တင်ပို့မှုကို တိုးမြှင့်ထိန်းချုပ်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားရေးမှူးချုပ် Santosh Sarangi က သောကြာနေ့တွင် ပြောကြားခဲ့ကြောင်းနှင့် နှစ်မျိုးသုံးကုန်ပစ္စည်းများသည် လူထုအကျိုးပြုလုပ်ငန်းများအပြင် အခြားသောရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည့်ပစ္စည်းများဖြစ်ကြောင်း The Economic Times သတင်းစာတွင် ဖော်ပြထားပါသည်။

နိုင်ငံခြားကုန်သွယ်မှု ညွှန်ကြားရေးမှူးချုပ် Sarangi က အိန္ဒိယကုန်သည်ကြီးများအသင်းတွင် ပြောကြားရာ၌ နိုင်ငံခြားကုန်သွယ်မှုအထွေထွေညွှန်ကြားမှုဦးစီးဌာနအနေဖြင့် နှစ်မျိုးသုံးကုန်စည်အဖြစ် အသုံးပြုနိုင်သော အထူးပြုဓာတုပစ္စည်းများ၊ သက်ရှိများ၊ရုပ်ဝတ္ထုပစ္စည်းများ၊စက်ကိရိယာများနှင့်နည်းပညာများ(SCOMET-specialty chemicals, organisms, materials, equipment and technologies)ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ညှိနှိုင်း၍ စာရင်းပြုစုလျက်ရှိပါကြောင်းနှင့် အဆိုပါကုန် ပစ္စည်းများကို မသမာသူများနှင့်အကြမ်းဖက်သမားများထံသို့ မရောက်ရှိစေရန်အတွက် ထိန်းချုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါပစ္စည်းများကို အဓိကတင်ပို့နေသည့် နိုင်ငံများနှင့် အကြိမ်အရေအတွက်ကိုလည်း သိရှိပါကြောင်း၊ တစ်ချိန်တည်းမှာပင် အစိုးရအနေဖြင့် အဆိုပါနှစ်မျိုးသုံးကုန်စည်များကို ပိုမိုတင်ပို့နိုင်ရေးအတွက် လုပ်ငန်းစဉ်များလွယ်ကူချောမွေ့မှုရှိစေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ပရေးရာဝန်ကြီးဌာန လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးရေးရာ တွဲဖက်အတွင်းဝန် Muanpuii Saiawi ကလည်း နှစ်မျိုးသုံးပစ္စည်းများတင်ပို့မှုကို ထိန်းချုပ်ခြင်းသည် နည်းပညာလွှဲပြောင်းမှုနယ်ပယ်တွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်းနှင့် အစိုးရ၊ စက်မှုလုပ်ငန်းနှင့် အခြားသက်ဆိုင်သူများကြားတွင် မိတ်ဖက်ဆက်ဆံမှုသည် နှစ်မျိုးသုံးပစ္စည်းများကို တင်ပို့မှုထိန်းချုပ်ရာတွင် အရေးကြီးကြောင်း၊ အိန္ဒိယသည် နှစ်မျိုးသုံးကုန်ပစ္စည်းများမပြန့်ပွားရေးတွင် ကတိကဝတ်ပြုထားပြီး ပို့ကုန်ထိန်းချုပ်မှုသည် နိုင်ငံတကာတာဝန်ဝတ္တရားများနှင့် လိုက်လျောညီထွေဖြစ်စေရန် အရေးကြီးသည်ဟု ပြောကြားထားသည်။

နိုင်ငံခြားကုန်သွယ်မှုမူဝါဒသစ်၏ အဓိကအချက်များထဲမှတစ်ခုမှာ SCOMET လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ခြင်းအပေါ် အလေးပေးထားပါကြောင်း၊ သို့ရာတွင် အရေးကြီးကုန်စည်များနှင့် နှစ်မျိုးသုံးကုန်စည်များကို ကုန်သွယ်မှုဆောင်ရွက်ရာတွင် မစ်ဆိုင်းနည်းပညာထိန်းချုပ်ရေးစနစ်များအပါအဝင် များစွာသောစနစ်များအောက်တွင် အိန္ဒိယ၏လိုက်နာဆောင်ရွက်ရန် ကတိကဝတ်ပြုထားသည့် တာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်မှုသေချာစေရန်အတွက် SCOMET လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းသည် နိုင်ငံ၏ပို့ကုန်ထိန်းချုပ်မှုစနစ်အတွက် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု အိန္ဒိယကုန်သည် ကြီးများအသင်း ဥက္ကဋ္ဌဟောင်း Sanjay Budhia က ပြောကြားထားပါသဖြင့် အိန္ဒိယအနေဖြင့် နှစ်မျိုးသုံးကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရေးကြိုးစားနေသကဲ့သို့ တစ်ဘက်တွင်လည်း အကြမ်းဖက်အဖွဲ့အစည်းများထံ မရောက်ရှိစေရေးထိန်းကြောင်းဆောင်ရွက်နေမှုအခြေအနေကို သိရှိနိုင်ရေး တင်ပြလိုက်ရပါသည်။  

Source: Government for enhanced export control of dual-use items: Official, The Economic Times, 1 September 2023.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News